ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်၌ လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ အချိန် ၆ စက္ကန့်တိုင်း၌ လေဖြတ်ရောဂါဖြင့် လူတစ်ဦးနှုန်း သေဆုံးနေပါသည်။ အသက်အရွယ် ကျားမ မရွေး၊ လူမျိုး၊ ဘာသာ၊ နေရာမရွေး စက္ကန့်မလပ် လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သန်းခန့်၊ လေဖြတ်ရောဂါ ခံစားနေရပြီး ၎င်းတို့အနက် ခြောက်သန်းခန့်မှာ အသက်ဆုံရှုံးနေပါသည်။ ယခုအခါ လူဦးရေ သန်း ၃၀ ခန့်မှာ လေဖြတ်ရောဂါ ဖြစ်ခဲ့ပြီး အများစုမှာ နာတာရှည် မသန်မစွမ်း ဖြစ်ကျန်နေခဲ့သည်။ လေဖြတ်ရောဂါသည် အရေးပေါ် ကုသရန် လိုအပ်သည့် ရောဂါဖြစ်သည်။ ၎င်းသည် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် ဖြစ်သည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေး ပုံမှန်ရရှိရန် လိုအပ်သည်။ ဦးနှောက်၏ အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်က လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား နှစ်မျိုးရှိသည်။
လေဖြတ်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ (က) ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာများ
(ခ) ပြုပြင်ပြောင်းလဲ၍ ရသော အကြောင်းအရာများ
ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားသောအခါ လေဖြတ်မည့် အရိပ်အယောင် လက္ခဏာများ ပေါ်လာတတ်သည်။ ၎င်းလက္ခဏာများသည် မိနစ်အနည်းငယ်မျှကြာမြင့်၍ သွေးသွားလာမှု ပုံမှန် ပြန်ဖြစ်ပါက ချက်ချင်း ပျောက်ကွယ်သွားလေ့ ရှိသည်။ ထိုအချိန်အတွင်း စနစ်တကျ ကုသမှု မခံယူပါက လေဖြတ်ခြင်း အဆင့်သို့ ရောက်ရှိနိုင်သည်။ ၎င်းလက္ခဏာများမှာ
သွေးသွားလာမှု ရပ်ဆိုင်းသွားသည့် ဦးနှောက်၏ နေရာပေါ်တွင် မူတည်၍ ရောဂါလက္ခဏာ အမျိုးမျိုး ကွဲပြားသွားနိုင်သည်။ ၎င်းလက္ခဏာများမှာ-
သင်(သို့မဟုတ်) တစ်စုံတစ်ယောက် လေဖြတ်ရောဂါ လက္ခဏာများကို ခံစားရပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ကုသမှု ခံယူရန် အရေးကြီးသည်။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်သူများရှိသော လေဖြတ်ရောဂါ အထူးကုဌာန(သို့မဟုတ်) ဆေးရုံသို့ အမြန်ဆုံး သွားရောက်၍ ကုသမှု ခံယူသင့်ပါသည်။ ရောဂါလက္ခဏာများ မိနစ်ပိုင်းအတွင်း သက်သာသွားသည့်တိုင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသရန် လိုအပ်သည်။ သို့မှသာ အကြီးစား လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင်မည် ဖြစ်သည်။ ဆေးရုံတွင် ရှိနေစဉ် လေဖြတ်သည့် အကြောင်းအရင်းကို ရှာဖွေရန်လိုအပ်သည်။ ဦးနှောက် ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း၊ နှလုံးစမ်းသပ်စစ်ဆေးခြင်းများကို လိုအပ်သလို စမ်းသပ်စစ်ဆေးရမည်။ အဘယ့်ကြောင့်ဆိုသော် လေဖြတ်သည့် အကြောင်းအရင်းပေါ် မူတည်၍ ကုသပုံ ကွဲပြားနိုင်သည်။ ဥပမာ-ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်လျှင် သွေးကျဲဆေး၊ သွေးခဲပျော်ဆေးပေးရပြီး၊ ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်လျှင် သွေးယိုစီးစေသည့် အကြောင်းအရင်းကို ရှာဖွေကုသ၍ လိုအပ်ပါက ခွဲစိပ်ကုသမှု ခံယူရသည်။ ရောဂါကြောင့် သန်စွမ်းမှု ပုံမှန်မရှိတော့သည့် ကြွက်သားများအတွက် ပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်သည်။ ကမ္ဘာပေါ်တွင် လေဖြတ်ရောဂါသည် လူများ မသန်မစွမ်းဖြစ်စေသော အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ လေဖြတ်ထားသော လူနာများသည် သင့်တင့်လျောက်ပတ်သော ရေရည်ပံ့ပိုးပြုစုစောင့်ရှောက်မှု လိုအပ်သည်။ လေဖြတ်လူနာများ၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအတွက် ကိုယ်ကာယပြန်လည်လေ့ကျင့်ပေးရေးသည် အလွန်အရေးပါ ပါသည်။ ယင်းသို့ လေ့ကျင့်ခြင်းကို လေဖြတ်ပြီးပြီးချင်း စတင်ပါက လူနာများအတွက် များစွာအကျိုးရှိပြီး တိုးတက်မှုလည်း မြန်စေသည်။ လေဖြတ်လူနာများသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများလည်း ခံစားနိုင်ရသည်။ ၎င်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဘဝအရည်အသွေးမြင့်မားစေရန်အတွက် မိသားစု၊ မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အားပေးကူညီမှု အမြဲရရှိရန် လိုအပ်သည်။ လေဖြတ်ရောဂါ တစ်ကြိမ်ဖြစ်ဖူးသော လူနာများသည် မဖြစ်ဖူးသေးသော သာမန်လူနှင့် ယှဉ်ပါက နောက်တစ်ကြိမ် လေဖြတ်ရန် အခွင့်အလမ်း ပိုမိုများပါသည်။ သို့ဖြစ်၍ ၎င်းလူနာများအနေနှင့် လေဖြတ်စေနိုင်သော အကြောင်းအရင်းများကို ထိရောက်စွာ ကုသနိုင်ရန်၊ ကျန်းမာရေးအသိနှင့် ယှဉ်ကာ နေထိုင်မှုပုံစံတို့ကို လိုက်နာရန်၊ တတ်ကျွမ်းနားလည်သော ကျန်းမာရေး ဝန်ထမ်းများ၏ ပုံမှန်စောင့်ရှောက်မှုခံယူရန် အရေးကြီးသည်။ နောက်တစ်ကြိမ် လေထပ်မဖြတ်ရန် ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။ လေဖြတ်ရောဂါသည် ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်။ လေဖြတ်ခြင်းကို ဖြစ်စေသော အကြောင်းတရားများကို သိရှိထားခြင်း၊ ရောဂါကာကွယ်ခြင်း၊ ကျန်းမာအောင် နေထိုင်ခြင်းပြုလုပ်ရန် လိုအပ်သည်။ ရောဂါများရှိလျှင်လည်း စနစ်တကျ ဆေးကုသမှု ခံယူးထားပါက လေဖြတ်ရန် အခွင့်အလမ်းများစွာ လျော့ကျသွားနိုင်သည်။
လေဖြတ်ခြင်းရောဂါကို ကာကွယ်နိုင်ရန် လူတိုင်းလုပ်ဆောင်နိုင်သည့် အချက်(၆)ချက် ရှိသည်။ ၎င်းတို့မှာ-
ထို့ပြင် နှလုံးသွေးကြောပိတ်ဖူးသူများ၊ နှလုံးရောဂါ အခံရှိသူများ၊ နှလုံးခုန်နှုန်းမမှန်သော သူများသည် လေဖြတ်ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှန်မှန် ခံယူရန် လိုအပ်ကြောင်း ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေး အဖွဲ့အစည်းမှ အကြံပြုထားလေသည်။
"ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်" ဆိုသော ဆောင်ပုဒ်အတိုင်း လေဖြတ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရောဂါဒဏ်ကို ခံစားရမှုနှုန်းများ လျော့ကျသွားမည်မှာ အသေအချာပင် ဖြစ်သည်။[၁]