လုံခြုံရေး ကင်မရာ (Closed-circuit television သို့ CCTV) ကို ဗွီဒီယိုဖြင့် ထောက်လှမ်းခြင်း (video surveillance) ဟုလည်း ခေါ်ဆိုကြပြီး [၁][၂] ဗွီဒီယို ကင်မရာကို အသုံးပြုပြီး ဆစ်ဂနယ်လှိုင်းများကို တစ်နေရာသို့ ပို့လွှတ်၍ မော်နီတာ ဖန်သားပြင်များပေါ်တွင် ပြသခြင်းပင် ဖြစ်သည်။ ရုပ်မြင်သံကြားနှင့် ကွာခြားသည့် အချက်မှာ ဆစ်ဂနယ်လှိုင်များကို မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်မှု မရှိခြင်း ဖြစ်ပြီး ဆစ်ဂနယ်လှိုင်းများကို တစ်နေရာမှ တစ်နေရာသို့၊ တစ်နေရာမှ နေရာအများသို့ သို့မဟုတ် နေရာအားလုံး ပတ်လည်ချိတ်ဆက်ခြင်းကို ဝိုင်ယာကြိုးများ ပေါ်မှ သို့မဟုတ် ကြိုးမဲ့စနစ်ဖြင့် ဆောင်ရွက်ကြသည်။ ဗွီဒီယိုကင်မရာ အားလုံးသည် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်သော်လည်း ထိုစကားလုံးကို ဘဏ်များ၊ စတိုးဆိုင်များ နှင့် လုံခြုံရေး လိုအပ်သော အခြားနေရာများကို စောင့်ကြည့်ထောက်လှမ်းခြင်း ပြုလုပ်ရာတွင် အသုံးပြုသော ကင်မရာများကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ ရှိကြသည်။
လုံခြုံရေး ကင်မရာများကို အသုံးပြုပြီး အများပြည်သူအား စောင့်ကြပ်ကြည့်ရှုခြင်းသည် ကမ္ဘာပေါ်ရှိ ဒေသအများစုတွင် အသုံးပြုနေကြသော်လည်း ကိုယ်ပေါ်တွင် တပ်ဆင်ထားသော ကင်မရာများကို စောင့်ကြည်ကြည့်ရှုသည့် ကင်မရာ အဖြစ်စတင် အသုံးပြုလာကြပြီး အထူးသဖြင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများတွင် အသုံးပြုကြကာ ကင်မရာသည် ရဲအရာရှိ၏ ရင်ဘတ်တွင် သို့မဟုတ် ခေါင်းပေါ်တွင် တပ်ဆင်လေ့ ရှိကြသည်။ [၃] ဗွီဒီယို ဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် အများပြည်သူနှင့်ဆိုင်သော နေရာတွင် သုံးခြင်းဖြစ်သော်လည်း တစ်ဦးတစ်ယောက်ချင်းဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံမှုနှင့် ပတ်သက်၍ သိသာသော အငြင်းပွားမှုများ ဖြစ်ပွားစေသည်။[၄][၅]
စက်ရုံများတွင်မူ လုံခြုံရေးကင်မရာများကို အသုံးပြု၍ လုပ်ငန်းလည်ပတ်မှုများကို ဗဟိုထိန်းချုပ်ရေးအခန်းမှ စောင့်ကြည့်လေ့ ရှိကြသည်။ ဥပမာအားဖြင့် ပတ်ဝန်းကျင်သည် လူသားများ အလုပ်လုပ်ရန် မသင့်တော်သော ပတ်ဝန်းကျင်ဖြစ်နေသော အခါတွင် ဖြစ်သည်။ လုံခြုံရေးကင်မရာများသည် အချိန်တိုင်းတွင် စောင့်ကြည့်လည်ပတ်နေလေ့ ရှိသကဲ့သို့ အဖြစ်အပျက်တစ်ခုကိုသာ စောင့်ကြပ်ကြည့်ရှုခြင်းလည်း ဖြစ်နိုင်သည်။ အဆင့်မြင့် လုံခြုံရေးကင်မရာစနစ်များတွင် ဒစ်ဂျစ်တယ် ဗွီဒီယို ရီကော့ဒါ (DVR) များကို အသုံးပြု၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မှတ်တမ်းများကို သိမ်းဆည်းထားနိုင်သည် သည့် အပြင် ရုပ်သံကွာလတီ နှင့် လုပ်ဆောင်နိုင်စွမ်းများကို လိုအပ်သလို ချိန်ညှိနိုင်ရုံမျှသာမက အပိုလုပ်ဆောင်နိုင်စွမ်းများဖြစ်သော ရွေ့လျားမှုကို စောင့်ကြည့်ခြင်း နှင့် အီးမေးလ်ဖြင့် သတိပေးခြင်းများပါ ပါဝင်သည်။ လတ်တလော အချိန်များတွင် နေရာအနှံ့အပြားတွင် တပ်ဆင်ထားသည် အိုင်ပီကွန်ယက်စနစ်သုံး ကင်မရာများဖြင့် မဂ္ဂါပစ်ဆယ် အထိ ရုပ်ပုံ ကွာလတီ ကောင်းမွန်သော ပုံများကို ဖမ်းယူ၍ ကွန်ယက်ဖြင့်ချိတ်ဆက်ထားသော သိုလှောင်သိမ်းဆည်းမှု စနစ်များသို့ တိုက်ရိုက် သိမ်းဆည်းနိုင်သည်။ ထိုသို့မဟုတ်ပါက ကင်မရာတွင်း ပါရှိသော ဖလက်ရှ်မင်မိုရီကို အသုံးပြု၍ ကင်မရာတစ်လုံးတည်း သီးသန့် ရိုက်ကူး သိမ်းဆည်းနိုင်သည်။
၂၀၁၆ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်တွင် စောင့်ကြပ်ကြည့်ရှုသည့် လုံခြုံရေး ကင်မရာပေါင်း သန်း ၃၅၀ မျှ ရှိပြီး ၆၅% မှာ အာရှတွင် တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာများ တိုးပွားလာခြင်းသည် လတ်တလောတွင် နှေးကွေးလာခဲ့သည်။ [၆]