တက္ကဆပ်သမ္မတနိုင်ငံ República de Tejas (စပိန်) | |
---|---|
ဆောင်ပုဒ်: ”Remember the Alamo”[၁] | |
မြို့တော် |
|
အခြား ဘာသာစကားများ | ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ၊ အင်ဒီးယန်းဘာသာများ (Caddo၊ Comanche) |
အစိုးရ | ပြည်ထောင်စုသမ္မတစနစ် |
ဥပဒေပြုလွှတ်တော် | ကွန်ဂရတ်လွှတ်တော် |
ဖြစ်ရပ်များ | |
• မက္ကဆီကိုနိုင်ငံမှလွတ်လပ်ရေးကြေညာ | ၂ မတ် ၁၈၃၆ |
• အမေရိကန်ပြည်ထောင်စုမှသိမ်းပိုက် | ၁၉ ဒီဇင်ဘာ ၁၈၄၅ |
• အမေရိကန်အစိုးရထံအာဏာလွှဲပြောင်း | ၁၉ ဖေဖော်ဝါရီ ၁၈၄၆ |
ငွေကြေး | တက္ကဆပ်ဒေါ်လာ |
1ယာယီကာလ (မတ် ၁၆ – အောက်တိုဘာ ၂၂၊ ၁၈၃၆): သမ္မတ: David G. Burnet၊ ဒုသမ္မတ Lorenzo de Zavala |
တက္ကဆပ်သမ္မတနိုင်ငံ (စပိန်: República de Tejas၊ အင်္ဂလိပ်: Republic of Texas) သည် မြောက်အမေရိကရှိ နိုင်ငံဟောင်းတစ်နိုင်ငံဖြစ်ပြီး ၂ မတ် ၁၈၃၆ မှ ၁၉ ဖေဖော်ဝါရီ ၁၈၄၆ ခုနှစ်အထိတည်ရှိခဲ့သည်။ အနောက်နှင့်အနောက်တောင်ဘက်တို့တွင် မက္ကဆီကိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် မက္ကဆီကိုပင်လယ်ကွေ့၊ အရှေ့နှင့်အရှေ့မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု၏ လူဝီစီယားနားပြည်နယ် နှင့် အာကင်ဆောပြည်နယ်၊ မြောက်ဘက်နှင့်အနောက်ဘက်တွင် ဥက္ကလာဟိုးမားပြည်နယ်၊ ကန်းဆပ်ပြည်နယ်၊ ကော်လိုရာဒိုပြည်နယ်၊ ဝိုင်အိုးမင်းပြည်နယ် နှင့် နယူးမက္ကဆီကိုပြည်နယ် တို့၏နယ်မြေများနှင့် နယ်နမိတ်ခြင်းထိစပ်ခဲ့သည်။ တက္ကဆပ်သမ္မတနိုင်ငံ၏ နိုင်ငံသားများကို "တက္ကဆီးယန်း" (Texians) ဟူ ခေါ်ဆိုခဲ့ကြသည်။
၁၈၃၅–၁၈၃၆ ခုနှစ်တွင် တက္ကဆပ်တော်လှန်ရေးဖြစ်ပွားခဲ့ရာ မက္ကဆီကို၏ "Coahuila y Tejas" ဒေသ သို့မဟုတ် မက္ကဆီကန်တက္ကဆပ်ဒေသသည် မက္ကဆီကိုနိုင်ငံမှ လွတ်လပ်ရေးကြေညာခဲ့သည်။ ၁၈၃၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တော်လှန်ရေးပြီးဆုံးခဲ့သော်လည်း မက္ကဆီကိုအစိုးရသည် တက္ကဆပ်ဒေသ၏လွတ်လပ်ရေးကို အသိမှတ်ပြုခြင်းမရှိခဲ့ပေ။ ၁၈၃၇ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စုသည် တက္ကဆပ်သမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့သော်လည်း သိမ်းပိုက်ခြင်းမပြုခဲ့သေးပေ။[၃]
၁၈၄၅ ခုနှစ် ဒီဇင်ဘာ ၂၉ တွင် အမေရိကန်ပြည်ထောင်စုသည် တက္ကဆပ်ကိုသိမ်းပိုက်ခဲ့ရာ အမေရိကန်ပြည်ထောင်စု၏ ၂၈ ခုမြောက် ပြည်နယ်အဖြစ်သတ်မှတ်ထားခဲ့သည်။[၄] ၁၈၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် တက္ကဆပ်သမ္မတနိုင်ငံမှ တက္ကဆပ်ပြည်နယ်အဖြစ်ပြောင်းလဲခဲ့သည်။[၅] တက္ကဆပ်ပြည်ကိုသိမ်းပိုက်ပြီးနောက် အမေရိကန်နိုင်ငံ၏ တောင်ဘက်နှင့်အနောက်ဘက်တို့တွင် နယ်နမိတ်ပြဿနာများဖြစ်ပေါ်လာခဲ့သည်။ တက္ကဆပ်၏လွတ်လပ်ရေးကို အသိအမှတ်မပြုခဲ့သော မက္ကဆီကိုနိုင်ငံသည် အမေရိကန်ထံမှတက္ကဆပ်ဒေသကို ပြန်လည်ဝယ်ယူရန်ကြိုးပမ်းခဲ့သော်လည်း မက္ကဆီကန်–အမေရိကန် စစ်ပွဲ (၁၈၄၆–၁၈၄၈) သို့ဦးတည်ခဲ့သည်။
တက္ကဆပ်ခေါင်းဆောင်များသည် အစပိုင်းတွင်မိမိတိုင်းပြည်နယ်နမိတ်ကို ပစိဖိတ် သမုဒ္ဒရာအထိ တိုးချဲ့မည်ဟုဆိုသော်လည်း ရီယိုဂရန်ဒေးမြစ် (Rio Grande) အားနယ်နမိတ်စည်းအဖြစ်သတ်မှတ်ခဲ့ရာ နယူးမက္ကဆီကို၏ နယ်မြေများစွာပါဝင်ခဲ့သည်။ ထို့အပြင်မက္ကဆီကိုနိုင်ငံနှင့် ငြိမ်းချမ်းစွာဆက်ဆံနိုင်ခဲ့လျှင် ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် ကယ်လီဖိုးနီးယားပင်လယ်အော်သို့ ရထားလမ်းဆောက်လုပ်လိုခဲ့သည်။[၆] ၁၈၃၆ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံမှကျူးကျော်မှုနှင့်ပက်သက်သည့်အကြောင်းကို ဆွေးနွှေးကြရာတွင် တက္ကဆပ်အစိုးရသည် နူချဲစ်မြစ် (Nueces River) နှင့် ရီယိုဂရန်ဒေးမြစ်အကြား ရေဝေကြောကုန်မြင့်နေရာအထိကို နယ်နမိတ်အဖြစ်ထားပြီး နယူးမက္ကဆီကိုအားပေးကမ်းမည်ဟူ၍ဆိုခဲ့သည်။[၇]
၁၈၄၆ ခုနှစ် စက်တင်ဘာတွင် တက္ကဆပ်ကွန်ဂရက်လွှတ်တော်မှ ဆီးနိတ် ၁၄ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးတို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ တက္ကဆပ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမနိုင်ငံတော်သမ္မတသည် တာဝန်ကို ၂ နှစ်ထမ်းဆောင်နိုင်ပြီး နောက်ရွေးကောက်ခံရမည့်သမ္မတများသည် ၃ နှစ်တာဝန်ထမ်းဆောင်နိုင်သည်။ နိုင်ငံရေးဘောင်သို့ဝင်ရောက်လိုသူ သို့မဟုတ် ရွေးကောက်ပွဲဆန္ဒမဲပေးလိုသူများသည် တက္ကဆပ်သမ္မတနိုင်ငံ၏ နိုင်ငံသားဖြစ်ရမည်။[၈] တက္ကဆပ်သမ္မတနိုင်ငံ၏ ပထမဆုံးကွန်ဂရတက်လွှတ်တော် အစည်းအဝေးကို ၁၈၃၆ ခုနှစ် ကိုလမ်ဘီယာ (ယခု အနောက်ကိုလမ်ဘီယာ) မြို့၌ ကျင်းပခဲ့သည်။ "တက္ကဆပ်ပြည်၏ဖခင်" ဟုခေါ်ဆိုခဲ့ကြသော စတီဖင် အော်စတင် (Stephen F. Austin) သည် တက္ကဆပ်ပြည်၏အတွင်းဝန်အဖြစ် ၂ လ တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ခဲ့သည်။
လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသည့်အတွက် ၁၈၃၆ ခုနှစ်တွင် တက္ကဆပ်ပြည်၏ နေရာ ၅ နေရာကို နိုင်ငံ၏ယာယီမြို့တော်အဖြစ်ထားရှိခဲ့သည်။ ထိုယာယီမြို့တော်တို့မှာ Washington-on-the-Brazos၊ ဟဲရစ်ဘတ် (Harrisburg)၊ ဂယ်ဗေစတန် (Galveston)၊ ဗလာစကို (Velasco) နှင့် ကိုလမ်ဘီယာ (Columbia) တို့ဖြစ်ကြသည်။ ၁၈၃၇ တွင် ဟူစတန်မြို့သစ်အား မြို့တော်အဖြစ်ထားရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် တက္ကဆပ်အလယ်ရှိ ကော်လိုရာဒိုမြစ် (Colorado River) ဒေသကို နောက်ဆုံးမြို့တော်အဖြစ်ထားရှိခဲ့သည်။ ထိုဒေသငယ်၏အမည်မှာ ဝါတာလူး (Waterloo) ဖြစ်သော်လည်း စတီဖင် အော်စတင်အား ဂုဏ်ပြုသောအားဖြင့် အော်စတင်ဟု ခေါ်တွင်စေခဲ့သည်။